ဖူးစငုံစ အလှစချိန်
ပုရစ်ဖူးသဖွယ် မြင်သူရှုငေး
သူအလှလေး။
ထိုမှတစ်ဖန် ပွင့်လွှာပွင့်ဖတ်
တစ်ထပ်တစ်ထပ် ရစ်ပတ်လာလည်း
သူကလှမြဲ။
ပွင့်လွှာစုံချိန် အလှမာန်တင့်
ဂုဏ်ယူဝင့်ကြွား မြင်သူများလည်း
ခူးယူပန်ဆင် မြတ်နိုးချင်
ဝတ်ရည်စုတ်လူး ပျားဘီလူးနှင့်
လိပ်ပြာရောထွေး သူဘေးလေးမှာ
ကြယ်ရောင်ခသည့် လမင်းသဖွယ်
အလှတွေကြွယ်။
ကိုယ်မှာဥယျာဉ်မှုး ပန်းမခူးရဘူး
ရှေးကအစဉ်လာ ထားရှိခဲ့တော့
သနားစရာဖြစ်အင် ပန်းကိုမြင်လျက်
ပန်ဆင်ချင်လျက်နဲ့ ဝေး။
တစ်သက်တစ်ညှာ တစ်ညှာတစ်ပွင့်
ထာဝစဉ်စွဲရစ် ရင်နင့်အောင်မွှေး
တွယ်တာနှောင်ကြိုး ဖြေရန်ခက်ခက်
အထပ်ထပ်ချည် နှောင်တွယ်လေပြီ။
သော်တာကိုငေး ကြည့်နေရုံလေး
ကျေနပ်နေရ သည်ဘဝမို့ 
ပန်းကလေးအလိုကျ ရီပြငိုပြ
ဥယျာဉ်မှုးတို့ ထုံး နှလုံးမူလျက်
အပြုံးမပျက်သာ ချစ်လှက်နေပါမည်
ပန်းကလေးရေ..........
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
No comments:
Post a Comment