Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 30 September 2012

ကာရန်အကြောင်း

(၂)ကာရန်၊ အသံ
ကာရန်ဆိုတာ ကာရန္တ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာပါတယ်။ အက္ခရာရဲ့အဆုံးသတ် (ဒါမှမဟုတ်) အဆုံး အက္ခရာ လို့ အဓိပ္ပါယ်ရပါတယ်။ ကဗျာမှာဆိုရင်တော့ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ဆိုလိုပါတယ်။ အရင် အခန်းမှာရေးခဲ့သလို ကဗျာတပုဒ်မှာ အသံကာရန်၏ကောင်းခြင်း (သဒ္ဒါလင်္ကာရ) နဲ့ အဓိပ္ပါယ်၏ကောင်းခြင်း (အတ္ထာလင်္ကာရ) နှစ်မျိုးလုံးရှိရပါမယ်။ ဒါပေမယ့် ကာရန်ကိုက်အောင် လို့ဆိုပြီး အဓိပ္ပါယ်တွေ လိုက်မြောသွားတာမျိုးတော့ မဖြစ်ရပါဘူး။ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်နောက်ကိုသာ ကာရန်ကိုက်အောင် လိုက်ပြီးရေးရမှာပါ။ အဲဒီလိုမှမဟုတ်ရင် အရင် ဆောင်းပါးမှာ ပြခဲ့တဲ့ ကဗျာတွေလို ကာရန်သာမှန်ပြီး ဘာအဓိပ္ပါယ်မှ မရှိတဲ့ ကဗျာတွေဖြစ်ကုန်ပါလိမ့်မယ်။ ကာရန်အကြောင်းပြောရင်း အလျဉ်းသင့်လို့ နဘေ အကြောင်းပါ နည်းနည်းမိတ်ဆက်ပါရစေ။ နဘေ ဆိုတာ 'နံဘေး' ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတယ်လို့  ဆိုကြပါတယ်။ အရွယ်တူပျဉ်ချပ် တွေကို နံဘေးချင်း (အလျားလိုက်) ယှဉ်စပ်ထားသလို အပိုဒ်နှစ်ခုကို ဘေးချင်းစပ်ဟပ်ဖွဲ့နွဲ့ထားတာကို နံဘေးစပ်၊ အဲဒီကနေ နဘေစပ်လို့ ခေါ်ကြပါတယ်။ ဥပမာ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ ပန်းချီမနိုင် လေးချိုးလတ် မှာဆိုရင် ...
ရွှေပဒုံကြာအချပ်ကို၊ လေအဟုန်လာပြီးဟပ်စဉ်က .. စခန်းနော်လိုရာကွန့်နိုင်တဲ့၊ မန်းပေါ်မှာ ကိုကြာညွန့်သော်မှ ... ဆိုတာတွေဟာ နဘေစပ်တွေဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကာရန်ဟာ စာလုံးတစ်လုံးပဲ အသံထွက် (သို့မဟုတ်) အဆုံးသတ်စာလုံးပေါင်း တူပါတယ်။ နဘေ ကတော့ စာလုံးတစ်လုံးထက်ပိုပြီး တူရပါတယ်။ နဘေစပ်နည်း ၈ မျိုးတွေ့ရပါတယ်။ နောက်ပိုင်း အစပ်၊ အဟပ် အပိုင်းမှာဆက်လက်ပြီးဖေါ်ပြပေးပါ့မယ်။ ကာရန်ကိုပြန်ဆက်ရရင် အက္ခရာ၊ ပုဒ်၊ ၀ါကျ တို့ရဲ့အဆုံးမှာရှိတဲ့ မြန်မာ သရတွေကိုခေါ်ပါတယ်။ ဒီတော့ ဒီကာရန်တွေကို
(1) ၀ဏ္ဏ ကာရန် - အက္ခရာအဆုံးမှာရှိတဲ့ ကာရန်
(2) ပဒ - ပုဒ်ရဲ့အဆုံးမှာရှိတဲ့ကာရန်
(3) ၀ါကျ - စာကြောင်းအဆုံးမှာရှိတဲ့ကာရန်
ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကတော့ သိသာစေဖို့သာ ဖေါ်ပြခြင်းဖြစ်ပါတယ်။ ကဗျာရေးရာမှာ အဲဒီလို အသေးစိတ် ခွဲခြားကြည့်ဖို့ အမြဲမလိုအပ်ပါဘူး။ သိထားရင်တော့ကောင်းပါတယ်။ ကဗျာအတွက် တခြားအရေးကြီးတဲ့ အသံရှိန် (မတြာ)၊ ဌာန် (ဌာန)၊ ကရိုဏ်း (ကရဏ)၊ ပယတ် (ပယတန) ဆိုတာတွေ ရှိပါသေးတယ်။ အခုအထိ စကားပြောရင် ဌာန်ကရိုဏ်းကျကျ ပြောတတ်တယ် ဆိုပြီး ချီးမွမ်း နေတာတွေ ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒါတွေ အကုန် အသေးစိတ်လျှောက်ရေးနေရင် လိုရင်းဖြစ်တဲ့ မြန်မာကဗျာပုံစံတွေနဲ့ ကာရန်တွေအကြောင်း ရောက်တော့မှာမဟုတ်လို့ အလျဉ်းသင့်မယ်ဆိုရင် နောက်မှ ဒါတွေနဲ့ ပတ်သက်ပြီး သီးသန့် ဆောင်းပါးတစ်ပိုဒ် ထပ်ရေးပါ့မယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional Unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်။) အဲဒီတော့ ကာရန်ကိုပြန်ကောက်ရရင် မြန်မာသရ (မြန်မာကာရန်) တွေဟာ အကျဉ်းအားဖြင့် ၁၆ ပါး၊ အကျယ်အားဖြင့် ၆၄ ပါး ရှိပါတယ်။ အကျဉ်း (၁၆) ပါးဖြစ်တဲ့ မူလကာရန်တွေကတော့
(1) အ - ကာရန်
(2) ဣ (အိ) - ကာရန်
(3) ဥ (အု) - ကာရန်
(4) ဧး (အေ့) - ကာရန်
(5) အဲ (အယ်) - ကာရန်
(6) အော (သြ) - ကာရန်
(7) အက် - ကာရန်
(8) အင် - ကာရန်
(9) အစ် - ကာရန်
(10) အည် - ကာရန်
(11) အဉ် - ကာရန်
(12) အတ် - ကာရန်
(13) အန် - ကာရန်
(14) အပ် - ကာရန်
(15) အမ် - ကာရန်
(16) အို (အိုဝ်) - ကာရန် တို့ ဖြစ်ပါတယ်။
အဲဒီ မူလကာရန် (၁၆) ပါးကမှ ထပ်ပြီး ပွားလိုက်တဲ့အခါ ကာရန်ငယ် အကျယ် (၆၄)ပါး ဖြစ်လာ ပါတယ်။
(1) အ - ကာရန် - အ၊ အာ၊ အား ..... ၃ လုံး
(2) ဣ - ကာရန် - အိ၊ အီ၊ အီး ....... ၃ လုံး
(3) ဥ - ကာရန် - ဥ၊ ဥူ၊ ဥူး (အု၊ အူ၊ အူး) ........ ၃ လုံး
(4) ဧး - ကာရန် - အေ၊ အေ့၊ အေး ........ ၃ လုံး
(5) အဲ - ကာရန် - အဲ၊ အဲ့၊ အဲး ....... ၃ လုံး
(6) အော - ကာရန် - အော်၊ အော့၊ အော ........ ၃ လုံး
(7) အက် - ကာရန် - အက်၊ အောက်၊ အိုက် ...... ၃ လုံး
(8) အင် - ကာရန် - အင်၊ အင့်၊ အင်း၊ အောင်၊ အောင့်၊ အောင်း၊ အိုင်၊ အိုင့်၊ အိုင်း .......... ၉ လုံး
(9) အစ် - ကာရန် - အစ် ....... ၁ လုံး
(10) အည် - ကာရန် - အည်၊ အည့်၊ အည်း ....... ၃ လုံး
(11) အဉ် - ကာရန် - အဉ်၊ အဥ့်၊ အဉ်း ....... ၃ လုံး
(12) အတ် - ကာရန် - အတ်၊ အိတ်၊ အုတ် ....... ၃ လုံး
(13) အန် - ကာရန် - အန်၊ အန့်၊ အန်း၊ အိန်၊ အိန့်၊ အိန်း၊ အုန်၊ အုန့်၊ အုန်း ....... ၉ လုံး
(14) အပ် - ကာရန် - အပ်၊ အိပ်၊ အုပ် ....... ၃ လုံး
(15) အမ် - ကာရန် - အမ်၊ အမ့်၊ အမ်း၊ အိမ်၊ အိမ့်၊ အိမ်း၊ အုမ်၊ အုမ့်၊ အုမ်း ....... ၉ လုံး
(16) အို - ကာရန် - အို၊ အို့၊ အိုး (အိုဝ်၊ အို့ဝ်၊ အိုဝ်း) ....... ၃ လုံး
ဒီ ကာရန်တွေထဲမှာ သေးသေးတင်သံ (-ံ) မပါဘဲဖြစ်နေပါတယ်။ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်ထဲမှာတော့ ဒီ ကာရန် (၆၄) ပါးကိုဘဲ ပြထားပေမယ့် ကဗျာ့စွယ်စုံကျမ်း ထဲမှာတော့သီးခြားဖေါ်ပြထားတာ မတွေ့ပါဘူး။ အဲဒီအစား မြန်မာသရ အကျယ် (၆၈)လုံးကိုသာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် သေးသေးတင် (နိဂ္ဂဟိတ်) ကို မသတ် (မ်) နဲ့ အတူတူယူရမယ်လို့တော့ အသတ် အခန်းမှာ သီးခြားဖေါ်ပြထားတာတွေ့ရတဲ့အတွက် အံ၊ အံ့ ကာရန်ဟာ အမ်၊ အမ့် ကာရန်နဲ့ အတူတူဘဲ လို့ မှတ်ရပါမယ်။
အသံ အကြောင်းကိုလည်း နားလည်ရပါလိမ့်မယ်။ အပေါ်က ကာရန် ၆၄ပါးကို တက်သံ၊ သက်သံ၊ မြင့်သံ၊ တိုင်သံ ဆိုပြီး အသံလေးမျိုး ခွဲထားပါတယ်။ ဒီအသံတွေကိုမှ ဂရုသံ (လေးလေးလံလံ နှေးကန်ပြင်းတွဲ အရှည်ဆွဲ ရွတ်ဖတ်ရတဲ့ အသံ) နဲ့ လဟုသံ (ပေါ့ပေါ့မြန်မြန် မနှေးကန်ဘဲ သံမှန်ဖြင့်ဆိုရသော အသံ) ဆိုပြီး ပြန်ခွဲထားပါတယ်။ အဲဒီတော့ အသံလေးမျိုးကို အရင်စကြည့်ရအောင်။
(1) တက်သံ (၁၈) ပါး
(2) သက်သံ (၁၈) ပါး
(3) နိမ့်သံ (၁၈) ပါး
(4) တိုင်သံ (၁၀) ပါး ... ဆိုပြီး စုစုပေါင်း (၆၄) ပါး ပြန်ခွဲထားပါတယ်။
တက်သံ (၁၈) ပါး
အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေကို တက်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ ဆွဲဆွဲငင်ငင်၊ ရှည်ရှည်လျားလျား၊ မြည်မြည်ဟိန်းဟိန်း၊ ပြင်းပြင်းပြပြ ရွတ်ရပါတယ်။
အာ၊ ဤ (အီ)၊ အူ၊ အေ (ဧ)၊ အော် (သြော်)၊ အင် ........ (၆) လုံး
အဉ်၊ အည်၊ အန်၊ အမ်၊ အိန်၊ အိမ် ........ (၆) လုံး
အုန်၊ အုမ်၊ အယ်၊ အောင်၊ အိုင်၊ အိုဝ်(အို) ........ (၆) လုံး
တက်သံတွေကို ညာသံကြီး၊ မူလသံ၊ ပကတိသံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာခွဲ ကနေ သုံးမတြာ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။
သက်သံ (၁၈) ပါး
အောက်မြစ်ပါတဲ့အသံတွေနဲ့ အောက်မြစ်မပါပေမယ့် ပါသလိုဘဲ ဆိုရတဲ့အသံတွေကို သက်သံလို့ ခေါ်ပါတယ်။ ဒီအသံတွေဟာ အားမထုတ်ရဘဲ ရွရွကလေး၊ သာသာဖြည်းဖြည်းလေး ရွတ်ရပါတယ်။
အ (အာ့)၊ ဣ (အိ)၊ အု (ဥ)၊ အေ့ (ဧ့)၊ အော့ (သြော့)၊ အင့် ........ (၆) လုံး
အဥ့်၊ အည့်၊ အန့်၊ အမ့်၊ အိန့်၊ အိမ့် ........ (၆) လုံး
အုန့်၊ အုမ့်၊ အယ့် (အဲ့)၊ အောင့်၊ အိုင့်၊ အိုဝ့်(အို့) ........ (၆) လုံး
သက်သံတွေကို ဘယ်သံ၊ ချသံ၊ အောက်သံ၊ သံမ၊ အောက်မြစ်သံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ အထိ ရွတ်ဆိုနိုင်ပါတယ်။
နိမ့်သံ (၁၈) ပါး
တက်သံတွေကို ၀စ္စပေါက် ထည့်လိုက်တဲ့အသံတွေကို နိမ့်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ အသံရှည်ရှည်ကိုလည်းမစွန့်လွှတ်ဘဲ ပြတ်ပြတ်နဲ့ တင်းတင်းမာမာ ရွတ်ရပါတယ်။
အား၊ အီး၊ အူး၊ အေး (ဧး)၊ အော (သြး)၊ အင်း ........ (၆) လုံး
အဉ်း၊ အည်း၊ အန်း၊ အမ်း၊ အိန်း၊ အိမ်း ........ (၆) လုံး
အုန်း၊ အုမ်း၊ အယ်း (အဲ)၊ အောင်း၊ အိုင်း၊ အိုဝ်း(အိုး) ........ (၆) လုံး
နိမ့်သံတွေကို ညာသံငယ်၊ သံဖို၊ ၀သဇ္ဇနီသံ လို့လဲခေါ်ပါတယ်။ ၀သဇ္ဇနီ ဆိုတာ ၀စ္စပေါက် ကိုပါဠိလိုခေါ်တာပါ။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာ ကနေ နှစ်မတြာခွဲ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။
တိုင်သံ (၁၀) ပါး
နှိမ့်လို့ မြှင့်လို့မရတဲ့ သံရပ်၊ သံဖြတ်တွေ၊ တက်သံနဲ့နိမ့်သံ ၂ခုကြားကအသံတွေကို တိုင်သံ လို့ခေါ် ပါတယ်။
အက်၊ အစ်၊ အတ်၊ အပ်၊ အိတ် ........ (၅) လုံး
အိပ်၊ အုတ်၊ အုပ်၊ အောက်၊ အိုက် ........ (၅) လုံး
တိုင်သံတွေဟာ ကသတ်၊ စသတ်၊ တသတ် နဲ့ ပသတ် ဆိုတဲ့ အသတ်လေးမျိုးပါတဲ့ အသံတွေဖြစ်ပါတယ်။ အလွယ်တကူ မှတ်ချင်ရင် 'ကွမ်းစားတတ်ပြီ' လို့ အသတ်လေးခုကို မှတ်ထားနိုင်ပါတယ်။ က စ တ ပ ဆိုတဲ့ အပေါ်မှာ အသတ်တင်လိုက် ရင် တိုင်သံဖြစ်သွားပါတယ်။ တိုင်သံတွေကို သံမှန်၊ သံလတ် လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ လောက်အထိ ရွတ်ဆိုနိုင်ပါတယ်။
[ပြင်ဆင်ရန်​]
ဂရု၊ လဟု
ဒီအသံလေးပါးကို ဂရု၊ လဟုပြန်ခွဲရင် .... တက်သံ (၁၈) ပါး (အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေ နဲ့ ကသတ်၊ စသတ်၊ တသတ်၊ ပသတ် ဆိုတဲ့ အသတ်လေးပါး မပါတဲ့အသံတွေ) ဟာ ဂရုအသံ (ဂရုကာရန်)ဖြစ်ပြီး ကျန်တဲ့ အသံသုံးပါး (သက်သံ၊ နိမ့်သံနဲ့ တိုင်သံ ပေါင်း ၄၆ပါး) ကတော့ လဟုအသံ (လဟုကာရန်) တွေ ဖြစ်ကြပါတယ်။ ဒါဆိုရင်တော့ အသံလေးပါးနဲ့ ဂရု၊ လဟု ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။



ကျနော်ဒီကဗျာရေးနည်းတွေကိုဆိုဒ်တစ်ခုမှကူးယူထားတာပါ
အခုအဲဆိုဒ်လေးကရှာမတွေ့ တော့ပါဘူးးးး

ကဗျာရေးသူတက်အောင်မြင်ပါစေ..............ခေတ်သစ်မင်းနန္ဒာ 

No comments:

Post a Comment